မော်တော်ဆိုင်ကယ်အင်ဂျင်ဝိုင်လဲလှယ်ဖို့ အဓိကအချက်က ဘာဖြစ်မလဲ။

ကီလိုမီတာအရေအတွက်လား ဒါမှမဟုတ် အချိန်အတိုင်းအတာလား။ အင်ဂျင်ဝိုင်တွေက အသုံးပြုချိန်ကြာလာတာနဲ့အမျှ ၎င်းရဲ့ကြာရှည်ခံမှုနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ ဒါကြောင့်မို့ မိတ်ဆွေရဲ့မော်တော်ဆိုင်ကယ်အင်ဂျင် ကောင်းမွန်စွာလည်ပတ်ဖို့ဆိုရင် မှန်ကန်တဲ့အချိန်မှာ အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။
အင်ဂျင်ဝိုင်လဲလှယ်ရန် လိုအပ်နေပြီဆိုတာကို အောက်ပါလက္ခဏာများအား သတိထားခြင်းဖြင့် သိရှိနိုင်ပါတယ်။

1️. အင်ဂျင်ဝိုင် မဲညစ်နေခြင်း။

အင်ဂျင်ဝိုင်အသစ်ဟာဆိုရင် ပုံမှန်အားဖြင့် ရွှေအိုရောင် ဒါမှမဟုတ် အညိုရောင်ရှိပြီး ဆီသားကလဲ ထူပါတယ်။ ဒါပင်မဲ့ အင်ဂျင်လောင်ကျွမ်းမှုကို ထပ်ခါထပ်ခါ ထိတွေ့နေရတာကြောင့် အရောင်မဲသွားတတ်ပါတယ်။ အကယ်၍ မိတ်ဆွေရဲ့အင်ဂျင်ဝိုင်က မဲညစ်နေပြီဆိုရင် တတ်နိုင်သမျှ အမြန်ဆုံး လဲလှယ်ရန် လိုအပ်ပါတယ်။

2️. အင်ဂျင်ဝိုင် ပမာဏ ကျဆင်းခြင်း။

150cc ဆိုင်ကယ်အင်ဂျင်တစ်လုံးမှာ အင်ဂျင်ဝိုင်တစ်လီတာအောက်သာ ထည့်ရလေ့ရှိပါတယ်။ ဒါပင်မဲ့လည်း ပြင်းထန်တဲ့အင်ဂျင်အသုံးပြုမှုကြောင့် အချိန်ကြာလာတာနဲ့အမျှ အင်ဂျင်ဝိုင်ပမာဏ လျော့နည်းသွားတတ်ပါတယ်။ ဒါကို သတိပြုမိပြီ ဆိုတာနဲ့ အင်ဂျင်ဝိုင်ယိုစိမ့်မှုရှိမရှိ သေချာစွာစစ်ဆေးပြီး ယိုစိမ့်မှုမရှိနေဘူးဆိုရင် ဖြည့်ဆီဖြည့်တာကို ပြုလုပ်ရန် လိုအပ်ပါတယ်။

3️. အင်ဂျင်အပူချိန်မြင့်မားခြင်း။

အင်ဂျင်ဝိုင်ရဲ့စွမ်းဆောင်ရည် ယိုယွင်းလာတာနဲ့အမျှ အင်ဂျင်ဝိုင်က ချောမွေ့မှုမရှိတော့တာကြောင့် အင်ဂျင်အတွင်း အပူစီးကူးမှုကို လျော့ကျစေပြီး အင်ဂျင်အတွင်း အပူချိန်ကို တိုးစေပါတယ်။ မော်တော်ဆိုင်ကယ်မောင်းနှင်နေစဉ်အတွင်း အင်ဂျင်တုံးနားကခြေထောက်မှာ လေပူတွေကို ခံစားနေရပြီဆိုရင်တော့ ဒါက အင်ဂျင်ဝိုင်လဲလှယ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သေချာတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

4️. အင်ဂျင်သံ ဆူညံနေခြင်း။

အင်ဂျင်ဝိုင်ကောင်းကောင်း သုံးထားတဲ့ ဆိုင်ကယ်အင်ဂျင်သံက ညက်ညောပြီး နားကို သာယာစေပါတယ်။ အင်ဂျင်ဝိုင်ရဲ့စွမ်းဆောင်ရည် ကျဆင်းနေရင်တော့ ဂီယာကို ထိခိုက်စေပြီး ဂီယာချောဆီမလုံလောက်မှုကို ဖြစ်ပေါ်စေပါတယ်။ ဂီယာပြောင်းချိန် ဒါမှမဟုတ် အင်ဂျင်လည်ပတ်ချိန်မှာ ဆူညံတဲ့အသံတွေကို ကြားနေရပြီ ဆိုရင်တော့ ဒါက အင်ဂျင်ဝိုင်လဲလှယ်ရန်လိုအပ်နေပြီဖြစ်ကြောင်း ပြောပြတဲ့ ညွှန်ပြချက်တစ်ခုပဲ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ပုံမှန် အိမ်သုံး/လုပ်ငန်းသုံးမော်တော်ဆိုင်ကယ်တွေမှာ Mobil အင်ဂျင်ဝိုင်ကို ကီလိုမီတာ ၂၀၀၀ ကနေ ၃၀၀၀ အကြား မောင်းနှင်ပြီးတိုင်း အင်ဂျင်ဝိုင်လဲလှယ် ရမှာပါ။ အကယ်၍ မလဲလှယ်ခဲ့ဘူးဆိုရင် အင်ဂျင်စွမ်းဆောင်ရည်က ပုံမှန်အတိုင်းဖြစ်နေပင်မဲ့လဲ အချိန်ကြာလာတဲ့အခါ အင်ဂျင်ထိခိုက်လာပြီး ပြဿနာများစွာ ဖြစ်ပေါ်လာမှာပါ။ အကယ်၍ မိတ်ဆွေက တစ်ရက်ကို ကီလိုမီတာ ၂၀ မှ ၅၀ အတွင်းသာ မောင်းနှင်တယ်ဆိုရင် တစ်လခွဲလျှင် တစ်ကြိမ် အင်ဂျင်ဝိုင်လဲလှယ်သင့်ပြီး နေ့စဉ် အကွာအဝေး ကီလိုမီတာ ၅၀ အထက် မောင်းနှင်နေတယ်ဆိုရင်တော့ လစဉ် အင်ဂျင်ဝိုင်လဲလှယ်သင့်ပါတယ်။